မနက်ဖြန်အတွက် မျှော်လင့်ချက်တွေ ပျောက်ဆုံးနေတဲ့အခါ
မျှော်လင့်ချက်မရှိတဲ့ဘဝမှာ နေရောင်ခြည်ပျောက်ဆုံးသွားသလိုမျိုး ကိုယ်လျှောက်နေတဲ့လမ်း ဘယ်ဆီကို သွားနေမလဲတောင် သေချာသိနိုင်တော့မှာ မဟုတ်ပါဘူး။ လူ့ဘဝဆိုတာကလည်း အတက်အကျ၊ အခက်အခဲ၊ ပြဿနာမျိုးစုံ ဖြစ်နေတဲ့အခါ ကိုယ့်အတွက် မျှော်လင့်ချက်ရောင်ခြည်ဆိုတာ တဖြည်းဖြည်းနဲ့ တိုက်စားခံရပြီး လုံးပါးပါးလို့ ပျောက်ဆုံးသွားနိုင်ပါတယ်။
ဒီအတွက် ပိုကောင်းတဲ့ မနက်ဖြန်၊ အနာဂတ်အတွက် မျှော်လင့်ချက်တွေ ပျောက်ဆုံးနေပြီဆိုရင် အခုပြောပြပေးမယ့် အချက်တွေကို သေချာလိုက်နာပြီး ကိုယ့်ကိုယ်ကို ပြင်ဆင်ဖို့၊ ပုံစံပြန်ပြောင်းလဲဖို့ မှာကြားလိုက်ပါရစေခင်ဗျာ။
၁။ ကိုယ့်အနာဂတ်ပန်းတိုင်တွေအပေါ် ယုံကြည်မှုမပျောက်ဆုံးပါစေနဲ့။
မျှော်လင့်ချက်တွေ နည်းလွန်းပြီး မနက်ဖြန်တွေမှာ ဘာဖြစ်မလဲဆိုတာ ရေရေရာရာ မသိနိုင်ဘူးဆိုတဲ့ အခြေအနေမှာ ရောက်နေရင်တောင် ကိုယ်သတ်မှတ်ထားတဲ့ ဘဝပန်းတိုင်ကို မမေ့ပါနဲ့။ တစ်ချိန်ချိန်မှာ အခက်အခဲတွေအားလုံးကို ကျော်ဖြတ်ပြီး ဒီအိပ်မက်ကို အကောင်အထည်ဖော်နိုင်မယ်ဆိုတာ ကိုယ့်ကိုယ်ကို ယုံကြည်ပါ။ ယုံကြည်မှုနဲ့အတူ ခက်ခဲတဲ့နေ့ရက်တွေကို ကျော်ဖြတ်ပြီး ကိုယ့်အတွက် အသက်ဆက်ရှင်နိုင်ဖို့ ခွန်အားတွေ မွေးပါ။
၂။ အတိတ်တွေကို ပြန်မတူးဖော်ပါနဲ့။
ကိုယ့်အတိတ်တွေမှာ ကောင်းတာတွေ ဖြစ်ခဲ့ရင် ဒါတွေအတွက် ကိုယ့်ကိုယ်ကို ဂုဏ်ယူပါ၊ ကိုယ့်ရဲ့အောင်မြင်မှုအတွက် ပျော်ရွှင်ပါ၊ ကျရှုံးတာတွေ၊ အမှားတွေ၊ နောင်တတွေကို ပြန်တွေးမိတဲ့အခါ ဘာကြောင့်မှားခဲ့တာလဲ၊ ဘာတွေ သင်ခန်းစာရခဲ့သလဲ၊ ဘယ်လို ပြင်ဆင်ရင်း ကိုယ့်လက်ရှိဘဝကို အကောင်းဆုံးနေထိုင်နိုင်မလဲဆိုတာကို သုံးသပ်ပါ။ အတိတ်နဲ့ပတ်သက်လာရင် ကိုယ့်ဘက်ကနေ ဘာမှပြန်ပြင်ဆင်လို့ မရနိုင်တော့တာကြောင့် မလိုအပ်ဘဲ အများကြီး မတွေးပါနဲ့။
၃။ လက်ရှိမှာ အကောင်းဆုံးကြိုးစားနေထိုင်ပါ။
ကိုယ့်ရဲ့တစ်နေ့တာမှာ ကြုံလာရနိုင်တဲ့ အခက်အခဲပြဿနာတွေကို ကိုယ့်အရည်အချင်းကို စမ်းသပ်တဲ့ ဘဝပဟေဠိလို့ပဲ သဘောထားပြီး အကောင်းဘက်က မြင်ပါ။ တစ်နေ့တာမှာ ကြုံလာရတဲ့ မကောင်းတဲ့ပြဿနာတွေကို အမြန်ဆုံးဖြေရှင်းပြီးတာနဲ့ လျစ်လျူရှုလိုက်ပါ။ အကောင်းမြင်စိတ်မွေးပြီး ရှင်သန်နေထိုင်ခြင်းဟာ မျှော်လင့်ချက်တွေကို ဖန်တီးပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုပါပဲ။
၄။ ကိုယ်လုပ်နိုင်တာတွေကိုပဲ အဓိကလုပ်ပါ။
မလုပ်နိုင်တာတွေအတွက် တွေးပူပြီး စိတ်ပူပန်နေမယ့်အစား ကိုယ့်ဘက်က လုပ်ပေးလို့ရနိုင်တာတွေကိုပဲ သေချာအကောင်းဆုံးလုပ်ပေးပါ။ တစ်ခါတလေမှာ ကိုယ်လုပ်ပေးနေကျမဟုတ်ရင်တောင် ကိုယ်ချစ်ရတဲ့ မိသားစုဝင်တွေရဲ့ အလုပ်တွေ၊ တာဝန်တွေကို တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းကူညီပေးပါ။ လုပ်နိုင်တာတွေကို လုပ်ပေးရင်း အောင်မြင်ခြင်းဟာ ပိုခက်ခဲတဲ့အရာတွေကို စိန်ခေါ်စမ်းသပ်ပြီး လုပ်နိုင်လာစေဖို့ ကိုယ့်ကိုယ်ကို အင်အားပေးတာနဲ့ အတူတူပါပဲ။
၅။ အကြင်နာ၊ မေတ္တာ၊ စေတနာထားပါ။
ကိုယ့်ကို တခြားသူတွေက ကြင်နာမှုအပြည့်နဲ့ စေတနာထားပြီး ဆက်ဆံတာခံချင်သလို၊ ကိုယ်တိုင်ကလည်း တခြားသူတွေကို တူညီတဲ့တုံ့ပြန်မှုတွေ ပေးတဲ့အခါ တခြားသူတွေရဲ့ နေ့စဉ်ဘဝမှာလည်း အသက်ရှင်ရတာ ခွန်အားကောင်းဖြစ်စေမှာပါ။ ကိုယ်တိုင်လည်း တခြားသူတွေကို ရတဲ့နေရာက ကူညီပေးလိုက်တဲ့အခါ အသက်ရှင်နေထိုင်ရတာ မျှော်လင့်ချက် တစ်မျိုးတစ်ဖုံ ဖြစ်လာစေနိုင်မှာပါ။
၆။ Social Media တွေကို သုံးသင့်တဲ့နေရာမှာပဲ သုံးပါ။
(၂၁) ရာစုမှာ အင်တာနက်နဲ့ Social media တွေ တွင်တွင်ကျယ်ကျယ် အသုံးပြုလာတာဟာ ကောင်းကျိုးရော၊ ဆိုးကျိုးပါ ဒွန်တွဲနေပါတယ်။ ဒါကြောင့် Social Media ကို ကိုယ့်အတွက် အကျိုးရှိစေမယ့် အရာတွေကို လေ့လာဖို့၊ သင်ယူဖို့၊ ရှာဖွေနိုင်ဖို့၊ ကိုယ်မသိသေးတဲ့အရာတွေကို စူးစမ်းလေ့လာနိုင်ဖို့ အသုံးချပါ။ မဆိုင်တဲ့သူတွေရဲ့ အဆိပ်အတောက်တွေကို ကိုယ့်ဘဝ၊ ကိုယ့်စိတ်ထဲသွင်းပြီး အညစ်ထေးမခံပါနဲ့။
၇။ သေးသေးလေးကနေ စတင်ပါ။
လူအများစုရဲ့ အိပ်မက်ကတော့ လှမ်းတက်ဖို့ အချိန်ကာလစောင့်ဆိုင်းရတဲ့ အိပ်မက်အကြီးကြီးတွေပါပဲ။ ဒါပေမယ့် ဒီအိပ်မက်တွေကို ချက်ချင်းအကောင်အထည်ဖော်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက် ကြားထဲကာလ ကြိုးစားနေတဲ့အချိန်မှာ သေးသေးလေးတွေကနေ စပြီးသင်ယူပါ၊ ကိုယ်လုပ်နိုင်တဲ့အရာတွေကိုပဲ ဖြည်းဖြည်းချင်းလုပ်ယူရင်း အိပ်မက်ပန်းတိုင်ဆီကို ခြေတစ်လှမ်းချင်း တက်လှမ်းပါ။
အခုပြောသွားမယ့်အချက်တွေ သေချာလုပ်ကြည့်ရင်း မနက်ဖြန်အတွက် မျှော်လင့်ချက်တွေကို ပြန်လည်ပုံဖော်အသက်သွင်းနိုင်စေဖို့ မျှော်လင့်ပါတယ်ခင်ဗျာ။
ရဲမျိုးမြတ်